ထိခိုက်မှုကြောင့် ဝှေးစေ့အတွင်းမှာ ဒဏ်ဖြစ်နေမယ်ဆိုရင်
ဝှေးစေ့ဆိုတာ အမျိုးသားလိင်အင်္ဂါအောက်က တွဲလောင်းကျနေတဲ့ ကပ္ပါယ်အိတ်အတွင်းက အလုံးလေးဖြစ်ပြီး အရမ်းနူးညံ့သလို ကာကွယ်ပေးနိုင်တဲ့ အရိုး၊ ကြွက်သားတွေ မရှိတဲ့အတွက် ထိခိုက်မိတဲ့အခါ အရမ်းနာကျင်ရသလို ဒဏ်လည်း ဖြစ်သွားနိုင်ပါတယ်။ ဒီအခြေအနေကို Testicular Trauma လို့လည်း ခေါ်ပါတယ်။
အထူးသဖြင့် ဝှေးစေ့ကို
- ကန်ကျောက်မိတာ
- မာကျောတဲ့အရာနဲ့ ရိုက်ခံရတာ
- နံရံနဲ့ ဆောင့်မိတာ
- ဝှေးစေ့ကို ညှစ်မိတာ
- အမြင့်တစ်နေရာကို ပြုတ်ကျတာ
- ယာဉ်မတော်တဆ ဖြစ်တာ
- လေ့ကျင့်ခန်း၊ အားကစားလုပ်ရင်း ထိခိုက်မိတာတွေကြောင့် ဒဏ်ဖြစ်သွားနိုင်ပါတယ်။
ဝှေးစေ့ဟာ သုက်ပိုးကောင်တွေနဲ့ ကျားဟော်မုန်းကို အဓိက ထုတ်လုပ်ပေးတဲ့ ကျားအင်္ဂါတွေ ဖြစ်တာကြောင့် ဒီလိုမျိုး ထိခိုက်ဒဏ်ရာ ရသွားတဲ့အခါ သူနဲ့ဆက်စပ်နေတဲ့ လုပ်ငန်းဆောင်တာအားလုံးကို ထိခိုက်စေနိုင်ပါတယ်။ အကယ်လို့ ဝှေးစေ့ကို မတော်တဆ ထိခိုက်ဒဏ်ရာဖြစ်မိတဲ့ ဒဏ်ဖြစ်မဖြစ် သိနိုင်မယ့် လက္ခဏာတွေကတော့
မတော်တဆမှု ဖြစ်ပွားစဉ် - ဝှေးစေ့ပတ်လည်မှာ ပြင်းထန်တဲ့ နာကျင်မှုဝေဒနာကို ခံစားရနိုင်ပါတယ်။
ပြင်းထန်တဲ့ မတော်တဆမှု ဖြစ်စဉ်အပြီး အချိန်အနည်းငယ်အကြာ -
၁။ ကပ္ပါယ်အိတ်အတွင်း စူးကနဲ နာကျင်မှုဝေဒနာကို ဆက်တိုက်ခံစားနေရမယ်။
၂။ ကပ္ပါယ်အိတ်မှာ အညိုအမည်းစွဲပြီး ဖူးရောင်နေမယ်။
၃။ ဆီးသွားရခက်မယ်။
၄။ ဆီးထဲ သွေးပါနေမယ်။
၅။ အဖျားတက်မယ်။
ယောက်ျားလေးတွေအနေနဲ့ ဝှေးစေ့ကို ထိခိုက်ဒဏ်ရာ ရခဲ့မိတယ်ဆိုရင် အကောင်းဆုံးကတော့ နားလည်တတ်ကျွမ်းတဲ့ အမျိုးသားရောဂါကုဆရာဝန်နဲ့ သေချာပြသပြီး စစ်ဆေးကြည့်သင့်ပါတယ်။ လိုအပ်လာတဲ့အခါ စောစီးစွာ ကုသမှုခံယူခြင်းက နာကျင်မှုဝေဒနာကိုလည်း သက်သာစေသလို နောက်ဆက်တွဲ အကျိုးဆက်တွေကိုလည်း မဖြစ်လာအောင် ကာကွယ်ပေးနိုင်မှာပါ။
ဒီလို နောက်ဆက်တွဲ ပြဿနာတွေထဲမှာ
၁။ ဆီးလမ်းကြောင်းကိုပါ ဒဏ်ဖြစ်သွားပြီး ပိတ်သွားတဲ့အတွက် ဆီးမသွားနိုင်တော့တာ
၂။ အတွင်းမှာ ဒဏ်ဖြစ်ပြီး သွေးထွက်ရာကနေ သွေးခဲသွားတာ
၃။ ဝှေးစေ့ပြွန်မှာ သွေးခဲပြီး သွေးစီးဆင်းမှုမရှိတော့တဲ့အခါ ဝှေးစေ့ပုပ်ပြီး ပျက်စီးသွားနိုင်ခြင်း
၄။ ကျားဟော်မုန်း ထုတ်လုပ်နိုင်စွမ်းကို လျော့ကျစေတာ
၅။ လိင်စိတ်ဆန္ဒ နည်းသွားစေတာ
၆။ လိင်တံထောင်မတ်မှုအား ကျဆင်းသွားတာ
၇။ အတွင်းဒဏ်ထဲ ပိုးဝင်ရာကနေ ပိုဆိုးတဲ့ ကျန်းမာရေးပြဿနာတွေပါ ဖြစ်လာနိုင်တာ
၈။ ကလေးရနိုင်ခြေ၊ မျိုးအောင်နိုင်ခြေ လျော့ကျသွားတာ
၉။ မြုံသွားတာအထိပါ ဖြစ်နိုင်ပါတယ်။
ဝှေးစေ့နာကျင်ခြင်းဟာ မတော်တဆမှုအပြင် လိင်မှတစ်ဆင့် ကူးစက်ရောဂါများ ရှိနေခြင်း၊ ဒါမှမဟုတ် ဝှေးစေ့ရောင်နေခြင်း၊ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း စတာတွေကြောင့်လည်း ဖြစ်နိုင်တဲ့အတွက် နာကျင်မှုဝေဒနာ ခံစားရတာနဲ့ ဆေးခန်းသွားပြတာကတော့ အကောင်းဆုံးဖြစ်မှာပါ။
ပုံမှန်အားဖြင့် ဝှေးစေ့ဒဏ်ဖြစ်ခြင်းအတွက် ခွဲစိတ်ကုသမှုအသေးစား ခံယူဖို့ အကြံပေးနိုင်ပြီး စုတ်ပြဲသွားတဲ့ တစ်ရှူးတွေကို ချုပ်ရိုးဖြင့် ပြန်ဆက်ပေးရတာဖြစ်ပြီး တခြားဆီးလမ်းကြောင်း၊ ဝှေးစေ့ပြွန်၊ သုက်ပို့ပြွန်တွေမှာ ထိခိုက်သွားခြင်းရှိမရှိကိုပါ တွဲဖက်စစ်ဆေးရပါတယ်။ ဝှေးစေ့ရောင်ရမ်းခြင်း ပျောက်သွားဖို့ကတော့ ၆ ပတ်ကနေ ၈ ပတ်လောက်အထိ ကြာနိုင်ပါတယ်။
ရဲမျိုးမြတ်